လူတွေမှာ အဖြစ်အများဆုံး Phobia အမျိုးအစားက ဘာတွေဖြစ်မလဲ
Phobia ကို အလွယ်ပြောရမယ်ဆိုရင် အကြောက်လွန်စိတ်ရောဂါလို့ ဆိုနိုင်ပြီး လူတိုင်းလူတိုင်းမှာ အနည်းဆုံး Phobia တစ်ခုစီတော့ ရှိနေနိုင်တယ်လို့ သုတေသီများက ဆိုထားကြပါတယ်။ တချို့တွေကတော့ အသက်ကြီးလာတဲ့အခါ ဒီကြောက်တဲ့စိတ်တွေကို ထိန်းချုပ်နိုင်သွားတယ်ဆိုပေမယ့် တကယ်တော့ Phobia ဟာ ကိုယ့်ရဲ့နေ့စဉ်ဘဝကို မထိခိုက်လာသ၍ ကုသစရာမလိုတဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ခုပါပဲ။
ဒီတော့ လူတွေမှာ အဖြစ်အများဆုံး Phobia အမျိုးအစားတွေကို ပြောပြပေးရမယ်ဆိုရင်
၁။ Arachnophobia - ပင့်ကူများကို ကြောက်ရွံ့ခြင်း
အကောင်သေးသေးလေးကစလို့ အကောင်ကြီးတဲ့ ပင့်ကူတွေကို မြင်ရင်ကို စိတ်ထဲက ကြောက်ရွံ့ထိတ်လန့်တတ်ကြသလို မကြောက်တဲ့လူတွေတောင်မှ ပင့်ကူမြင်ရင် အကိုက်ခံရမှာ ကြောက်တဲ့စိတ်နဲ့ ရှောင်ဖယ်သွားတတ်ကြပါတယ်။ ကိုယ့်ရဲ့နေအိမ်မှာ ပင့်ကူတွေအလွယ်တကူ ဝင်ရောက်ပြီး အသိုက်အမြုံဖွဲ့တတ်တာကြောင့် လူတွေနဲ့ မစိမ်းဘဲ ငယ်ငယ်ကတည်းက ကြောက်တဲ့စိတ်က အစပျိုးလာတာဖြစ်ပါတယ်။
၂။ Ophidiophobia - မြွေများကို ကြောက်ရွံ့ခြင်း
မြွေအများစုဟာ အဆိပ်ရှိပြီး ပေါက်လိုက်ရင် သေတတ်တဲ့အတွက် လူတွေရော ကလေးတွေပါမကျန် ကြောက်ကြတာ မဆန်းပါဘူး။ လူကြီးတွေကလည်း အိမ်မှာကလေးတွေ ဆိုးလွန်းရင် မြွေအရုပ်တွေနဲ့ ခြောက်လှန့်ပြီး ငြိမ်အောင်လုပ်တတ်ကြတာကြောင့် ကလေးတွေမှာ ငယ်ငယ်ကတည်းက မြွေမြင်ရင် ရှောင်ရမယ်ဆိုတဲ့ အသိနဲ့ ကြောက်စိတ်က ဝင်နေတတ်ပါတယ်။
၃။ Acrophobia - အမြင့်ကို ကြောက်ရွံ့ခြင်း
မြေကြီးနဲ့ မြင့်လွန်းတဲ့တစ်နေရာ ဥပမာ - တောင်ကုန်းပေါ်၊ လေယာဉ်ပေါ် ရောက်နေချိန်၊ တံတားကို ဖြတ်နေတဲ့အချိန်၊ ဓာတ်လှေကားစီးနေတဲ့အချိန်မှာတောင် ဒီကြောက်တဲ့ စိတ်က ရှိနေနိုင်ပါတယ်။ ဒီကြောက်စိတ်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ရှိနေနိုင်ပါတယ်။
၄။ Agoraphobia - ပြေးထွက်မရ၊ ရုန်းထွက်မရတဲ့ အခြေအနေတွေကို ကြောက်ရွံ့ခြင်း
ဒီပြဿနာရှိသူတွေဟာ ထွက်ပေါက်နည်းတဲ့အခန်းတွေ၊ လူများပြီး စည်ကားတဲ့နေရာတွေကို မသွားရဲဖြစ်ပြီး ကိုယ့်အိမ်ကနေ ဘယ်မှမသွားလိုတော့တဲ့အထိတောင် ဖြစ်လာစေနိုင်ပါတယ်။
၅။ Cynophobia - ခွေးများကို ကြောက်ရွံ့ခြင်း
ခွေးတွေကို မြင်ရုံနဲ့လည်း ကြောက်နိုင်သလို၊ အကိုက်ခံဖူးလို့ ကြောက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီကြောက်ရွံ့စိတ်ဟာ ကလေးတွေတင်မကဘဲ လူကြီးတွေမှာပါ ဖြစ်နိုင်ပါတယ်။
အကယ်လို့ သင့်မှာ Phobia တစ်မျိုးမျိုးရှိတယ်၊ ဒီပြဿနာကြောင့် ကိုယ့်ရဲ့နေ့စဉ်ဘဝကို ထိခိုက်စေတယ်လို့ ခံစားရရင်တော့ စောစောကုသမှုခံယူတာ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်